Sunday, February 12, 2012

တချို့ ကဘုရားရှင်ကို ဘာကြောင့်ဗုဒ္ဓလို့ ခေါ်သလဲ၊


ဘုရားဆိုတာ မြန်မာတွေခေါ်တဲ့အမည်ဖြစ်တယ်၊ ဗုဒ္ဓဆိုတာ ပိဋကတ်တော်ထဲမှာပါတဲ့ အမည်ဖြစ်တယ်။ တရားအားလုံးကို ကိုယ်တိုင်လည်း သိပြီးသူ၊ အခြား လူ နတ်ဗြဟ္မာတွေကိုလည်းသိအောင် ဟောနိုင်သူလို့ အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓဆိုတဲ့ အမည်ဟာ ကမ္ဘာသိတဲ့ သုံးတဲ့နာမည်ဖြစ်တယ်။ ဗုဒ္ဓဆိုတဲ့ ဝေါဟာရဟာ ဗုဒ္ဓဘာသာ ဘုရားတဆူတည်းကပိုင်တဲ့ အမည် ဖြစ်တယ်။  ဘုရားဆိုတဲ့ မြန်မာဝေါဟာရကတော့ ဟိန္ဒူ၊ မဟာမေဒင်၊ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ ဘုရားလေးမျိုးနဲ့ ဆိုင်တဲ့ သာမည အမည်ဖြစ်တယ်။ ပိဋကတ်မှာ တိုက်ရိုက်လာတဲ့ အမည်လဲဖြစ်၊ အခြားဘာသာတွေနဲ့ မဆိုင်တဲ့ သီးခြားနာမည်လည်းဖြစ်လို့ ဘုရားကို ဗုဒ္ဓလို့ ခေါ်ကြခြင်း ဖြစ်တယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 

ဘုရားဆိုတာဘာလဲ။ဘာကြောင့်ဘုရားလို့ခေါ်တာလဲ။


လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅ဝဝ ကျော်တုန်းက အိန္ဒိယနိုင်ငံ ကပိလဝတ်နေပြည်တော် ဘုရင်သုဒ္ဓေါဒနနဲ့ မိဖုရားကြီး မာယာတို့ရဲ့ သား ၂၉ နှစ်အရွယ်မှာ ထီးနန်းကို စွန့်ပြီး တောထွက်ကာ ခြောက်နှစ်တိုင် လူသာမန်တို့ ကျင့်နိုင်ခဲသောအကျင့်ကို အားထုတ်ကျင့်ကြံခဲ့သဖြင့် သစ္စာလေးပါးကို ဆရာမပါဘဲ ကိုယ်ပိုင် ဥာဏ်ဖြင့် ထိုးထွင်းသိမြင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူးကို ဘုရားလို့ ခေါ်တယ်။  ပူဇော်အထူးကို ခံထိုက်လို့ ဘုရားလို့ခေါ်တယ်။ဘုရားဆိုတဲ့အမည်ဟာ ပူဇာနဲ့ အရဟ ဆိုတဲ့ ပါဠိစကားနှစ်လုံးကို ပေါင်းစပ်ပြီး ပုဂံ ခေတ် မြန်မာများ တီထွင်ထားတဲ့ ပါဠိသက်ဝေါဟာရ တခုဖြစ်တယ်။ ပူဇာအရဟ= ပူရဟ =ပူရှာ =ဖုရှာ= ဖုရား= ဘုရား ဆိုပြီး အသံထွက် အဆင့်ဆင့်နဲ့ စာလုံးပေါင်းအမျိုးမျိုး ပြောင်းလာတဲ့နာမည်ဖြစ်တယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။