Sunday, February 12, 2012

ဘုရားရှင်ဟာ ဘုရားဖြစ်ဖြစ်ချင်း ဘာဖြစ်လို့ အနေကဇာတိသံသာရံ ဆိုတဲ့ ဥဒါန်း ဂါထာကို ကျူးရင့်တော်မူပါသလဲ၊ မြန်မာလို အဓိပ္ပါယ်ဘယ်လိုပါလဲ။


ဘုရားရှင်ဟာ ဘုရားအဖြစ် ရတော်မူပြီးတာနဲ့ တပြိုင်နက်  ငါသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ၊ ငါသည် ကြီးစွာသော သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ၊ ငါသည် သတ္တဝါအပေါင်းကို ဘဝသုံးပါးမှ လွတ်မြောက်အောင် တရားဟောတော်မူနိုင်ပြီလို့ ဆင်ခြင်ပြီး နှစ်သက်အားရမှု ပီတိဖြစ်တော်မူတယ်။ ထိုပီတိစိတ်ဖြင့် အနေကဇာတိသံသာရံ စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မူခဲ့ခြင်း ဖြစ်တယ်။ အဲဒီ ဥဒါန်းကိုဘဲ ဘုရားရှင် ပထမဆုံးကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့  ပထမ ဗုဒ္ဓဝစန = ပထမဆုံး ဘုရား စကားတော် လို့ လည်း ခေါ်ကြတယ်။  
ဥဒါန်းဂါထာတော်အဓိပ္ပါယ်
                  အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာ လက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘဝများစွာ သံသရာတလျှောက် ကျင်လည်ခဲ့ရပြီ။ တဏှာယောက်ျားလက်သမား၊ ယခု သင့်ကို ငါတွေ့ပြီ၊ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ်ဆောက်ခွင့်မရှိတော့ပြီ၊ ခန္ဓာအိမ်တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြှားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ၊ မသိမှုအဝိဇ္ဇာဆိုတဲ့အိမ်ရဲ့ အထွတ်ကိုလည်း ငါ ဖျက်ဆီးလိုက်ပြီ၊ ငါရဲ့စိတ်တော်အစဉ်ဟာ ပြုပြင်စီရင်မှု ကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ၊ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ၊ ဘုရားစင်စစ်ဖြစ်တော်မူပြီ။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 


ရုပ်ပွါးဆင်းတုတော်တွေကို အနေကဇာမတင်ဘဲ မကိုးကွယ်ကောင်းဘူးလား။ အနေကဇာတင်တယ်ဆိုတာဘာလဲ။


ရုပ်ပွါးဆင်းတုတော်တွေကို အနေကဇာမတင်ဘဲ ကိုးကွယ်ကောင်းပါတယ်။ အနေကဇာတင်တာနဲ့ ပတ်သက်ပြီး ပိဋကတ်အစဉ်အလာ မတွေ့ရပါဘူး။ ရှေးခေတ်မြန်မာကြီးတွေက တီထွင်လိုက်နာခဲ့တဲ့ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ဖြစ်ပါတယ်။ မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတဥာဏ်ကိုရလို့ ဘုရားဖြစ်တော်မူတဲ့အခါ အားရ ကျေနပ်တော်မူတဲ့အတွက် အနေကဇာတိသံသာရံ သန္ဓာဝိဿံ အနိဗ္ဗိသံ  စတဲ့ ဂါထာတော်ကို စိတ်တော်ထဲမှာ ကျူးရင့်တော်မူပါတယ်။ အခုရုပ်ပွားဆင်းတုတော်အသစ်ကို စတင်ပူဇော်တဲ့အခါ မူလက သာမန် ပန်းပုရုပ်တုတခုအဖြစ်မှ သက်တော်ထင်ရှား ဘုရားရှင်ရဲ့ကိုယ်စား ဘုရားရှင်စိတ်တော်ထဲမှာ ရွတ်ဆိုသီကျူးခဲ့တဲ့ အနေကဇာတိ သံသရံ  ဂါထာတော်ကို ဘုရားရှင် ကိုယ်စား ရဟန်းတော်တွေက ရွတ်ပေးခြင်း ဖြစ်တယ်။ အနေကဇာတိသံသာရံကို ရွတ်ဆိုပြီး ဘုရားအဖြစ် သိဒ္ဒိတင်ရာရောက်တယ်လို့ ယူဆပြီး အနေကဇာတင်တယ်လို့ ခေါ်ကြတာပါဘဲ။ အနေကဇာ မတင်ဘဲ ဘုရားအဖြစ် ကိုးကွယ်လို့ ရပါတယ်။ ဘိသိက်သွန်းအခန်းအနားကျင်းပတဲ့ သဘောပါဘဲ။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

ဘုရားရှင် ကြွတော်မူတဲ့အခါ ခြေတော်ရာ မထင်ဘူးဆိုတာ မှန်ပါသလား။ ဘာကြောင့်ပါလဲ။ဘယ်လိုအခါမှာထင်ပါသလဲ။


ဘုရားရှင်ကြွတော်မူတဲ့အခါ ခြေတော်ရာမထင်တာ မှန်ပါတယ်။ ဘာကြောင့်မထင်သလဲဆိုရင် (၁) နူးညံ့သိမ်မွေ့တဲ့အတွက်၊ (၂) ခွန်အားကြီးမားတော်မူတဲ့အတွက်၊ လူအများကို သနားငဲ့ညှာတော်မူတဲ့အတွက်ကြောင့် မထင်ကြောင်းကို အင်္ဂုတ္တိုရ် အဋ္ဌကထာမှာ ဖွင့်ပြထားပါတယ်။ ဘုရားရှင်ဟာ သတ္တဝါတွေကို ကယ်ချွတ်ဖို့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ပြီး ဘုရားဖြစ်လာရပါတယ်။ ဘုရားရှင်ကြွတော်မူရာ ခြေတော်ရာတွေထင်နေပါက လူအများက ဒီခြေတော်ရာအားလုံးကို အရိုအသေ မပြုဘဲ လွှဲရှောင်မသွားနိုင်ဘဲ နင်းမိ ကျော်မိရင် အကုသိုလ်ဖြစ်ဖို့ ရှိကြပါတယ်။ ခြေတော်ရာကို နင်းသွား ကျော်သွားမယ့်လူတွေ အပြစ်ရမှာကို သနားတော်မူတဲ့အတွက် ဘုရားရှင်ဟာ ခြေတော်ရာမထင်အောင် အဓိဋ္ဌာန်ပြီး ကြွသွားတော်မူပါတယ်။ ဘုရားရှင်ကို အမှတ်တရာ ဖူးမြော်လိုသူတွေ အမြတ်တနိုး ဖူးမြော်ဖို့ ဖူးမြော်စရာတခု သနားတော်မူဖို့ တောင်းပန်တဲ့အခါ နောင်အခါလည်း သာသနာတော် ထွန်းကားစည်ပင်ပြီး သာသနာတော် အကျိုးများဖို့ မြင်တော်မူတဲ့အခါ ခြေတော်ရာထင်စေသတည်းလို့ အဓိဋ္ဌာန်ပြီး ခြေတော်ရာကို ထင်စေပါတယ်။ မင်းဘူး၊ မန်းစက်တော်က ခြေတော်ရာဟာ သစ္စဗန်ရသေ့ တောင်းပန်လို့ ချခဲ့တာ ယနေ့ သာသနာတော် ၂၅ဝဝ ကျော်အထိ တည်တဲ့ထွန်းကားနေပါတယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။