Thursday, February 9, 2012

ဗုဒ္ဓဘာသာမှာ အခြေခံဂိုဏ်းခွဲ ဘယ်နှစ်မျိုးရှိလဲ။ အဲဒီဂိုဏ်းတွေရဲ့ အဓိက ခြားနားချက်ကဘာလဲ။


ဗုဒ္ဓဘာသာဟာ ထေရဝါဒဗုဒ္ဓဘာသာနဲ့ မဟာယာနဗုဒ္ဓဘာသာဆိုပြီး ဂိုဏ်ကြီးနှစ်ခုရှိတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာခင်ပြုလုပ်တဲ့ ပထမသံဂါယနာ သံဃအစည်းအဝေးကြီးမှာ သံဃာတော်အားလုံး တစည်းတလုံးတည်းဘဲ ဖြစ်တယ်။ နှစ်ပေါင်း ၁ဝဝ အကြာ ဝေသာလီမှာလုပ်တဲ့ ဒုတိယသံဂါယနာ အစည်းအဝေးကြီးရောက်တော့ သံဃာတွေ နှစ်စုကွဲသွားတယ်။ အဲဒီ မူလသံဃာဂိုဏ်းကြီးနှစ်ခုဟာလည်း ဂိုဏ်းခွဲတည်ထောင်ကြတာ နှစ်ပေါင်း ၁ဝဝ အတွင်း(၁၈)ဂိုဏ်းတိတိ ရှိလာတယ်။ အခြေခံဂိုဏ်းကြီးတွေကတော့ ထေရဝါဒနဲ့ မဟာယာန ဂိုဏ်းကြီးနှစ်ခုပါဘဲ။အဲဒီ ဂိုဏ်းကြီးနှစ်ခုရဲ့ အဓိက ခြားနားချက်ကတော့---ထေရဝါဒဂိုဏ်းက ရှင်မဟာကဿဖစတဲ့ မထေရ်ကြီးတွေရဲ့ ပထမ သံဂါယနာတင် ပိဋကတ်တွေကို အတိအကျ ထိန်းသိမ်းစောင့်ရှောက်တဲ့ အစဉ်အလာ ရိုးရာဂိုဏ်းဖြစ်တယ်။ မဟာယာနဗုဒ္ဓဘာသာကတော့ ပိဋကတ်တော်တွေထဲက ဖြုတ်သင့်တာဖြုတ်ပြီး ထည့်သင့်တာတွေထည့်ပြီး ဗုဒ္ဓဘာသာကို ခေတ်မှီအောင် ပြင်ဆင်တဲ့ ဂိုဏ်းဖြစ်ပါတယ်။ မဟာယနရဲ့ အမြင့်မြတ်ဆုံး ရည်ရွယ်ချက်က မိမိကိုယ်တိုင်သံသရာမှ လွတ်မြောက်စေတဲ့ အတ္တဟိတသဘောမဟုတ်ဘူး။ သတ္တဝါများကို သံသရာမှ လွတ်မြောက်စေမယ့် ပရဟိတ ကျင့်စဉ်ဖြစ်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးတဲ့ ဘုရား ရဟန္တာတွေဟာ အတုယူစံထားထိုက်သူတွေ မဟုတ်ဘူး။ ရအံ့ဆဲဆဲဖြစ်တဲ့ နိဗ္ဗာန်ကိုစွန့်လွှတ်ပြီး သတ္တဝါတွေကို သံသရာမှ လွတ်မြောက်အောင် ကယ်တင်ဖို့ကြိုးစားနေတဲ့ ဗောဓိသတ္တခေါ် ဘုရားလောင်းတွေကသာ အတုယူစံထားထိုက်သူတွေ ဖြစ်တယ်လို့ ယုံကြည်တယ်။ ထေရဝါဒဗုဒ္ဓဘာသာကတော့ ပွင့်ပြီးတဲ့ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ကာ ဘုရားရှင်ဟောခဲ့တဲ့အတိုင်း ကျင့်ကြံအားထုတ်ခြင်းဖြင့် သံသရာလွတ်မြောက် နိဗ္ဗာန်ရောက်အောင် အားထုတ်ရမယ်လို့ ခံယူတယ်။ မဟာယာနက ပွင့်ဖို့ကျန်နေတဲ့ ဗောဓိသတ္တဘုရားလောင်းကို အရေးထားပြီး၊ ထေရဝါဒက ပွင့်ပြီးတဲ့ ဘုရားရှင်ကို အရေးထားတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာဟာ မိမိရဲ့ လွတ်မြောက်မှုတခုအတွက်၊ အရေးထားတဲ့အတွက် ဟိနယာန အနိမ့်စားလမ်းစဉ်ဖြစ်တယ်။ သူတို့ရဲ့ မဟာယာနကတော့ မိမိကိုယ်တိုင် လွတ်မြောက်မှုသာမက အခြားသူတွေရဲ့ လွတ်မြောက်ရေးအတွက် အပင်ပန်း အဆင်းရဲခံကျင့်နေတာဖြစ်လို့ မဟာယာန မြင့်မြတ်တဲ့လမ်းစဉ်လို့ မဟာယာနဂိုဏ်းဝင်တွေက နာမည်တပ်ပေးခြင်း ဖြစ်တယ်။ မဟာယာန ဗုဒ္ဓဘာသာဟာ တရုတ်၊ ဂျပန်နဲ့ ကိုးရီးယား နိုင်ငံတွေမှာ ထွန်းကားလို့ မြောက်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။ ထေရဝါဒ ဗုဒ္ဓဘာသာကတော့ သီဟိုဠ်၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေမှာ ထွန်းကားလို့ တောင်ပိုင်း ဗုဒ္ဓဘာသာလို့ ခေါ်ကြတယ်။


ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 


No comments:

Post a Comment