Thursday, February 9, 2012

မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ဘယ်တုန်းက ရောက်လာသလဲ။


ဗုဒ္ဓသည် ဘုရားဖြစ်ပြီးလို့ (၄၉)ရက်အရ လင်းလွန်းပင်ရင်းမှာ စံနေတော်မူစဉ် မြန်မာပြည်သား တပုဿနဲ့ ဘလ္လိကကုန်သည်ညီနောင်ဟာ ဘုရားရှင်ထံ ရောက်သွားတယ်။ မုန့်ကြွက်ကျစ် လှူဒါန်းတော်မူလို့ ဘုရားရှင်က ဆံတော်(၈)ဆူ ချီးမြှင့်လိုက်တယ်။ အဲဒီအချိန်မှာ သံဃာမရှိသေးဘူး၊ ဘုရားနဲ့ တရားကို ကိုးကွယ်ဆည်းကပ်သူတွေထဲမှာ အစောဆုံးပုဂ္ဂိုလ်တွေ အဖြစ်နဲ့ ပိဋကတ်မှာ မှတ်တမ်းတင်ခံရတဲ့ ပုဂ္ဂိုလ်တွေပဲ။ တပုဿနဲ့ ဘလ္လိကတို့ဟာ မြန်မာပြည် ပြန်လာပြီး ဥက္ကလာပမင်းကြီးနဲ့ တိုင်ပင်ကာ ရွှေတိဂုံစေတီတော်ကို တည်ထားကိုးကွယ် ကြတယ်။ ဂေါတမဘုရားရှင်ရဲ့ ဆံတော်ပါတဲ့ စေတီထဲမှာတော့ သက်တမ်းအကြီးဆုံး စေတီ ဖြစ်တယ်။ ရဟန္တာ ဂဝံပတိထေရ် ပင့်လျှောက်ချက်အရ ဘုရားရှင် ဝါတော်(၈)ဝါအရမှာ ရဟန္တာနှစ်သောင်းနှင့်အတူ သုဝဏ္ဏဘူမိ သထုံကို ဘုရားရှင် ကြွလာပြီး တရားဟောတယ်။ စူလပုဏ်၊ မဟာပုဏ် ကုန်သည်ညီနောင်တို့က လက်လေးသစ်ကို အဖိုးတစ်သိန်း ထိုက်တန်တဲ့ စန္ဒကူးနှစ် ကျောင်းတော်ကြီးကို မင်းဘူးခရိုင်လယ်ကိုင်း ကျောင်းတော်ရာမှာ ဆောက်လုပ်လှူဒါန်းတယ်။ ကျောင်းအလှူရေစက်ချပွဲကို ဘုရားရှင်ကိုယ်တိုင် ဝါတော်(၂ဝ)ကျော်မှာ ကြွရောက်လာပြီး တရားဟောကြားတယ်။ သစ္စဗန္ဓရသေ့ကြီး တောင်းပန်လို့ မင်းဘူးမှာ ခြေတော်ရာ ချထားခဲ့တယ်။ သာသနာသက္ကရာဇ် ၁ဝ၁ ခုနှစ်မှာ သရေခေတ္တရာပြည်၌ ဒွတ္တဘောင်မင်းကြီးလက်ထက် ရဟန္တာ ၅ဝဝကို နေ့စဉ် ပစ္စည်းလေးပါး ထောက်ပံ့တယ်။ ဓါတ်တော် ၆ ဆူကို ဌာပနာပြီး ညည်းညည်း၊ စည်းစည်း၊ ပေါပေါ၊ လျောလျော၊ မြသီတင်း  ဆိုတဲ့ ဘုရားစေတီတွေနဲ့ လက်ရုံးတော် ဓါတ်ကို ဌာပနာတဲ့ မြင်ဗာဟုစေတီတွေဟာ ယနေ့တိုင်ရှိုနေတဲ့ ဗုဒ္ဓဘာသာ အထိမ်းအမှတ်တွေ ဖြစ်တယ်။ ဒါပေမယ့် အဆက်မပြတ် တည်ရှိပြီး အခိုင်အမာ ထွန်းလင်းနေတဲ့ ဗုဒ္ဓဘာသာကတော့ သာသနာသက္ကရာဇ် ၂၃၅ ခုနှစ်မှာ တတိယသံဂါယနာတင်ပြီး အသောကမင်းကြီး ကိုးတိုင်းကိုးဌာန သာသနာပြု လွှတ်တဲ့ အခါမှာ ရှင်သောဏနဲ့ ရှင်ဥတ္တရ တို့ ဦးဆောင်တဲ့ သာသနာပြုအဖွဲ့ဟာ မြန်မာနိုင်ငံ ရှေးက သုဝဏ္ဏဘူမိလို့ ခေါ်တဲ့ သထုံမြို့ကိုရောက်လာပြီး သာသနာပြုခဲ့ကြတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း (၄၅ဝ)နှစ်အကြာ သီဟိုဠ်ကျွန်းမှာ ပိဋကတ်သုံးပုံကို ပေရွက်တွေပေါ်မှာရေးပြီး စတုတ္ထသံဂါယနာ တင်တော်မူခဲ့ကြတယ်။ အဲဒီပိဋကသုံးပုံ ပေစာတွေကို သထုံရဟန်းတော်တွေက ကူးယူလေ့လာကြလို့ အောက်မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓဘာသာ ခိုင်ခိုင်မာမာထွန်းကားနေတယ်။ မြန်မာသက္ကရာဇ် (၄၁၉) ၁၁ရာစု အေဒီမှာ အနော်ရထာ မင်းစောက သထုံ မနူဟာမင်းထံက ပိဋကတ်အစုံ(၃ဝ)နဲ့ ပိဋကတ်တတ် ရဟန်းသံဃာတွေကို ပင့်ဆောင်ပြီး တနိုင်ငံလုံးမှာ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးကို ဆောင်ရွက်ခဲ့တဲ့အတွက် မြန်မာနိုင်ငံဟာ ထိပ်တန်း ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံကြီး ဖြစ်လာခဲ့တယ်။  အနော်ရထာဟာ အကျယ်ဆုံးမြန်မာနိုင်ငံကြီးကို တည်ထောင်နိုင်ခဲ့သလို ထေရဝါဒဗုဒ္ဓသာသနာကိုလည်း တနိုင်ငံလုံး ပြန့်အောင် ဖြန့်နိုင်ခဲ့တယ်။ နိုင်ငံတဝှမ်းလုံးမှာ ကြီးမားခိုင်ခံ့တဲ့ စေတီပုထိုးတွေကို တည်ပြီး သန့်စင်မွန်မြတ်တဲ့ ထေရဝါဒဗုဒ္ဓဘာသာ အုတ်မြစ်ကို အခိုင်အမာ ချထားခဲ့တယ်။


ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။



No comments:

Post a Comment