Sunday, February 12, 2012

ဘုရားရှင်ဟာ ဘုရားဖြစ်ဖြစ်ချင်း ဘာဖြစ်လို့ အနေကဇာတိသံသာရံ ဆိုတဲ့ ဥဒါန်း ဂါထာကို ကျူးရင့်တော်မူပါသလဲ၊ မြန်မာလို အဓိပ္ပါယ်ဘယ်လိုပါလဲ။


ဘုရားရှင်ဟာ ဘုရားအဖြစ် ရတော်မူပြီးတာနဲ့ တပြိုင်နက်  ငါသည် သမ္မာသမ္ဗုဒ္ဓ သုံးလောကကထွတ်ထား ဘုရားအဖြစ်သို့ ရောက်ပြီ၊ ငါသည် ကြီးစွာသော သံသရာ ဝဋ်ဒုက္ခမှ လွတ်မြောက်ပြီ၊ ငါသည် သတ္တဝါအပေါင်းကို ဘဝသုံးပါးမှ လွတ်မြောက်အောင် တရားဟောတော်မူနိုင်ပြီလို့ ဆင်ခြင်ပြီး နှစ်သက်အားရမှု ပီတိဖြစ်တော်မူတယ်။ ထိုပီတိစိတ်ဖြင့် အနေကဇာတိသံသာရံ စတဲ့ ဥဒါန်းဂါထာတွေကို ကျူးရင့်တော်မူခဲ့ခြင်း ဖြစ်တယ်။ အဲဒီ ဥဒါန်းကိုဘဲ ဘုရားရှင် ပထမဆုံးကျူးရင့်တဲ့ ဒေသနာတော်ဖြစ်လို့  ပထမ ဗုဒ္ဓဝစန = ပထမဆုံး ဘုရား စကားတော် လို့ လည်း ခေါ်ကြတယ်။  
ဥဒါန်းဂါထာတော်အဓိပ္ပါယ်
                  အကြိမ်ကြိမ် ပဋိသန္ဓေနေရခြင်းဟာ ဆင်းရဲပင်ပန်းလှတယ်။ငါဟာ ခန္ဓာအိမ်ကို တည်ဆောက်သူ တဏှာ လက်သမားကို စူးစမ်းရှာဖွေ မရနိုင်တဲ့အတွက် ဘဝများစွာ သံသရာတလျှောက် ကျင်လည်ခဲ့ရပြီ။ တဏှာယောက်ျားလက်သမား၊ ယခု သင့်ကို ငါတွေ့ပြီ၊ သင်ဟာ ခန္ဓာကိုယ်တည်းဟူသော အိမ်သစ်ကို နောက်ထပ်ဆောက်ခွင့်မရှိတော့ပြီ၊ ခန္ဓာအိမ်တည်ဆောက်ရာမှာ ထုပ်၊ လျောက်၊ ဒိုင်းမြှားအဖြစ် အသုံးပြုရတဲ့ ကိလေသာတရားတွေကို ငါဖျက်ဆီး ချေမှုန်းပစ်ပြီ၊ မသိမှုအဝိဇ္ဇာဆိုတဲ့အိမ်ရဲ့ အထွတ်ကိုလည်း ငါ ဖျက်ဆီးလိုက်ပြီ၊ ငါရဲ့စိတ်တော်အစဉ်ဟာ ပြုပြင်စီရင်မှု ကင်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပြီ၊ ငါဟာ တဏှာကုန်ရာ အရဟတ္တဖိုလ်သို့ရောက်ပြီ၊ ဘုရားစင်စစ်ဖြစ်တော်မူပြီ။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
 


No comments:

Post a Comment