အနော်ရထာမင်းစောဟာ အလွန်သန့်စင်တဲ့ ထေရဝါဒ ဗုဒ္ဓဘာသာကို နိုင်ငံအနှံ့
ဖြန့်ဝေပေးပေမယ့် လူတွေဟာကိုးကွယ်မှု အဟောင်းဖြစ်တဲ့ နတ်တွေကိုလည်း စွဲမြဲကိုးကွယ်နေကြတဲ့အတွက်
အနော်ရထာမင်းစောဟာ ပုဂံနေပြည်တော်မှာ ရှိတဲ့ နတ်ကွန်းတွေကိုဖျက်၊ နတ်ရုပ်တွေကို ပိဿနိုးနတ်ကွန်းကြီးထဲ
ထည့်ပြီး သော့ပိတ်ထားစေတယ်။ အဲဒီလို ပိဿနိုး နတ်ကွန်းကြီးကိုလည်း နတ်ရုပ်တွေ ထည့်လှောင်ထားလို့
နတ်လှောင်ကျောင်းလို့ အမည်ခေါ်တွင်ကြတယ်။ ဘုရင်ကိုယ်တိုင်က နတ်ကိုးကွယ်မှုကို နှိမ်နင်းနေပေမယ့်
နတ်ကွန်းနတ်ရုပ်မရှိပေမယ့် နတ်တွေကို တိတ်တဆိတ် ပူဇော် ပ သ နေကြတယ်။ ဒါကို ဘုရင်အနော်ရထာသိလို့
လူတွေရဲ့ နတ်ကိုးကွယ်လိုတဲ့ ဆန္ဒလည်းပြည့်ဝစေ၊ နတ်ပူဇော်ဖို့ လာရင်းနဲ့ ဘုရားကိုလည်း
ရှိခိုးပူဇော်ဖြစ်ကြစေတော့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွှေစည်းခုံဘုရား တည်တဲ့အခါ စေတီဘေးတနေရာမှာ
မြန်မာနတ်(၃၇)မင်း ရုပ်လုံးပုံတွေကို ထုလုပ်ထားပေးတယ်။ သူရဿတီ၊ မဟာပိန္နဲစတဲ့ ဟိန္ဒူနတ်တွေကိုတော့
လုံးဝအစဖျောက်ပစ်လိုက်ကြတယ်။ ဒီလိုနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ မရောက်ခင်က ထွန်းကားနေတဲ့ နတ်ကိုးကွယ်မှုဟာ
ထေရဝါဒ ဗုဒ္ဓဘာသာနဲ့ အတူ ယှဉ်ပြိုင်ထွန်းကားခဲ့တာ ဒီနေ့အထိဘဲ ဖြစ်ပါတယ်။
ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
No comments:
Post a Comment