Wednesday, February 8, 2012

ဗုဒ္ဓဝါဒဟာ အနတ္တ အနှစ်မဲ့တဲ့ ဝါဒဆိုတော့ လူတွေဟာ သေပြီးရင် ဘာမှမဖြစ်ဘဲ ဘဝ ပြတ်သွားသလား။


လူဟာ သေပြီးတဲ့နောက် ဘာမှပြန်မဖြစ်ဘဲ ဘဝ မပြတ်သွားပါဘူး။ နောက်ဘဝတခုမှာပြန်ဖြစ်ပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ပျက်စီးခြင်းမရှိ ထာဝစဉ်တည်မြဲနေတဲ့ အတ္တဝိညာဉ်ရှိတယ်ဆိုတဲ့တည်မြဲဝါဒ သဿတ အယူကိုတိုက်ခိုက်သလို တဖက်မှာလည်း နောင်ဘဝဆိုတာမရှိဘူး၊သေပြီး ရင်လည်းဘာမှမဖြစ်ဘူး လို့ ယူဆတဲ့ ပြတ်စဲဝါဒ ဥစ္ဆေဒ အယူကိုလည်း တော်လှန်ဆန့်ကျင်ခဲ့တယ်။
သေပြီးတဲ့နောက် ဘာမှမဖြစ်ဘူးဆိုတဲ့ ပြတ်စဲ ဥစ္ဆေဒ ဝါဒမှာ ဘယ်လိုအပြစ် ရှိပါသလဲ။
ဘုရားရှင်လက်ထက်မှာ ပြတ်စဲဝါဒ ဥစ္ဆေဒအယူကို ကြေငြာနေတဲ့ သူတွေကတော့ တိတ္ထိဆရာကြီးတွေဘဲ ဖြစ်တယ်။သူတို့အဆိုက သတ္တဝါတွေဟာ ဒီဘဝကို ဘယ်ဘဝကမှ ကူးပြောင်းလာတာ မဟုတ်ဘူး။ အခုဘဝ သေဆုံးပြီးရင်လည်း ဘယ်ဘဝမှ မဖြစ်တော့ဘူး။ ဘဝကူးတယ်ဆိုတာ မရှိလို့ နောက်ဘဝ ကောင်းရာ ကောင်းကြောင်း အတွက် ကုသိုလ်ကောင်းမှုတွေလည်း လုပ်စရာမလိုဘူး။ မကောင်းမှု အကုသိုလ်လုပ်ရင်လည်း ဘာအပြစ်မှ မခံရဘူး။ ဒီလို နောင်ဘဝမရှိတဲ့အတွက် နောင်ဘဝ ကောင်းစားရေးအတွက် ကုသိုလ်ကောင်းမှုလည်း လုပ်စရာမလိုဘူး။ အကုသိုလ်မကောင်းမှုကိုလည်း ရှောင်ကြဉ်စရာမလိုဘူး။ ဒါကြောင့် ဒီဘဝမှာ ကောင်းမယ်ထင်ရင် ကိုယ်အကျိုးရှိမယ်ထင်ရင် ဘာမဆို လုပ်နိုင်တယ်လို့ ဆိုရာရောက်တယ်။ စာနာမှု ယိုင်းပင်းကူညီမှု လုံးဝမရှိတဲ့ လူရိုင်းတွေရဲ့ အတွေးအခေါ် အပြုအမူ သာဖြစ်တဲ့အတွက် ဘာသာတရားအားလုံးနဲ့ ဆန့်ကျင်ပြီး စာနာမှု ယိုင်းပင်းမှု တွေနဲ့ ယဉ်ကျေးနေတဲ့ လူ့အဖွဲ့အစည်းတွေက လက်မခံလိုကြတာဖြစ်တယ်။

No comments:

Post a Comment