မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်က ဘုရားရှင်နဲ့ သံဃာတော်တွေဟာ
ဂင်္ဂါမြစ်ဝှမ်းတဝိုက်ရှိ အင်္ဂတိုင်း၊ မာဂဓတိုင်း၊ ကောသလတိုင်း စတဲ့ တိုင်းကြီး တဆယ့်ခြောက်တိုင်း
အတွင်းမှာသာ ဗုဒ္ဓ သာသနာကို ဖြန့်ဖြူးနိုင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီးတဲ့နောက်
ရှင်မဟာကဿဖစတဲ့ ရဟန္တာမထေရ်မြတ်ကြီးတွေက ဘုရားရှင်ဟောကြားခဲ့တဲ့ တရားတော်တွေကို ဝိနယတစု၊
သုတ္တန္တတစု၊ အဘိဓမ္မာတစု၊ သုံးစုခွဲပြီး စုပေါင်းရွတ်ဆိုပွဲ၊ သံဂါယနာတင်ပွဲကြီး ကျင်းပတယ်။
ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး မကြာမီ ရာဇဂြိုဟ်ပြည်မှာ ပထမသံဂါယနာ၊ နောက်နှစ်ပေါင်း ၁ဝဝ
အကြာ ဝေသာလီပြည်မှာ ဒုတိယသံဂါယနာတင်ခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း
၃ဝဝ အကြာ ပါဋလိပုတ်ပြည်မှာ တတိယအကြိမ် စုပေါင်းရွတ်ဆိုမှု သံဂါယနာတင်ပွဲကြီးကို ကျင်းပခဲ့တယ်။
အဲဒီ တတိယသံဂါယနာတင်ပွဲကြီးကို ချီးမြှောက်ထောက်ပံ့တဲ့ အာသောကမင်းတရားကြီးဟာ အိန္ဒိယပြည်တပြည်လုံးကို
ကျယ်ကျယ်ဝန်းဝန်း အုပ်စိုးနိုင်တဲ့အတွက် ဗုဒ္ဓဘာသာ အိန္ဒိယပြည်တပြည်လုံးကို ပျံ့နှံ့သွားခဲ့တယ်။
အဲဒီ သံဂါယနာတင်ပွဲအပြီးမှာ သာသနာတော်ပြန့်ပွားရေး အရှည်တည်တံ့ရေးအတွက် သာသနာတော်မရောက်သေးတဲ့
ကိုးတိုင်းကိုးဌာနကို သာသနာပြု ပုဂ္ဂိုလ်များ စေလွှတ်သာသနာပြုခဲ့တယ်။ အဲဒီကိုးတိုင်းကိုးဌာနထဲမှာ
သီဟိုဠ်နဲ့ မြန်မာနိုင်ငံဟာ ၁ဝ ရာစုနောက်ပိုင်း အိန္ဒိယမှာ သာသနာကွယ်သွားတဲ့အခါ ဗုဒ္ဓဘာသာပင်ရင်း
ခေါင်းဆောင်နိုင်ငံတွေ ဖြစ်လာတယ်။ အိန္ဒိယမှာ နှစ်ပေါင်း ၁၅ဝဝလောက် ဗုဒ္ဓဘာသာ ထွန်းကားခဲ့ပြီး
၁၂ ရာစုအေဒီလောက်ရောက်တော့ ဗုဒ္ဓသာသနာဟာ ပင်ရင်း အိန္ဒိယမှာ လုံးဝ ပျောက်ကွယ်သွားခဲ့တယ်။
ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။
No comments:
Post a Comment