Wednesday, February 8, 2012

ဂေါတမဘုရားရှင် မပွင့်မီက အိန္ဒိယမှာ ဘယ်ဘာသာကို ကိုးကွယ်နေကြသလဲ


အဲဒီအချိန်က အိန္ဒိယမှာ ဗြာဟ္မဏဝါဒလို့ ခေါ်တဲ့ ဟိန္ဒူဘာသာကို အများဆုံးကိုးကွယ်နေကြတယ်။ဟိန္ဒူဘာသာရဲ့ အစောဆုံးစာပေကတော့ ရိ.ဂ်ဝေဒဖြစ်တယ်။ အဲဒီ ရိ.ဂ်ဝေဒထဲမှာ အိန္ဒိယပြည်ထဲကို ရှေးဦးစွာ ဝင်ရောက်လာကြတဲ့ အာရယန် လူမျိုးတွေရဲ့တေးဂီတတွေပါတယ်
အာရယန်တွေဟာ နေ၊လ၊မီး၊လေ စတဲ့ သဘာဝအင်အားတွေကို သက်ရှိ အဖြစ်ပြောင်းပြီး နေနတ်၊လေနတ်၊မီးနတ်၊မြစ်စောင့်နတ်၊တောင်စောင့်နတ် တွေအဖြစ်နဲ့ ကိုးကွယ် ပူဇော်နေကြတယ်။ ၈ဝဝ ဘီစီလောက်မှာ ဥပနိသျှဒ် ခေါ်တဲ့ ကျမ်းတွေ ပေါ်လာတယ်၊အဲဒီကျမ်းတွေထဲမှာ …
၁။ ဝတ်ပြုကိုးကွယ်ပူဇော်နည်း၊
၂။ အတ္တကို စင်ကြယ်စေဖို့ ခြိုးခြံကျင့်ကြံအားထုတ်နည်း၊
၃။ သံသရာမှ လွတ်မြောက်ရန် ကမ္မဋ္ဌာန်းတရား အားထုတ်နည်းတွေကို ဖော်ပြကြတယ်။
ဟိန္ဒူဝါဒအရ အတ္တဟာ တစ်ဘဝပြီးတစ်ဘဝ ဆက်ကာဆက်ကာ သံသရာ ကျင်လည်နေတယ်၊ အဲဒီလို ကျင်လည်ရာမှာကောင်းမှု မကောင်းမှုအရ ကောင်းတဲ့ဘဝ ဆိုးတဲ့ဘဝမှာ ကျင်လည်ရတယ်၊ အဆုံးအစမရှိ ကျင်လည်နေရတဲ့ သံသရာမှ လွတ်မြောက်ရေးနည်းလမ်းတခုဟာ ရှိရမယ်လို့ ယုံကြည်ကြတယ်။ အဲဒီ လွတ်မြောက်ရေးလမ်းကိုရှာကြံရာက အဘိဓမ္မာ ဆရာကြီးတွေအမြောက်အများ ပေါ်ထွက်လာကြတယ်။ တချို့က အဲဒီဂိုဏ်းဆရာကြီး တွေကို ကိုးကွယ်ပြီး တချို့ကတော့ မီးနတ်၊နေနတ်၊ လေနတ် စတဲ့သဘာဝနတ်တွေကို ကိုးကွယ်ကြတယ်။


ဗုဒ္ဓဘာသာဟာ သူ့အရင် ပေါ်နေတဲ့ ဟိန္ဒူဘာသာ၊နတ်ကိုးကွယ်မှု ကဆင်းသက်လာတာလား။
မဟုတ်ဘူး၊ ဗုဒ္ဓဘာသာဟာ ဟိန္ဒူဘာသာကဆင်းသက်လာတာ မဟုတ်တဲ့ အပြင် ဟိန္ဒူဘာသာနဲ့ နတ်ကိုးကွယ်မှု ဘာသာရေးတွေကို လုံးဝ ဆန့်ကျင် နေတဲ့ ဘာသာဖြစ်တယ်။(ဒါပေမယ့် ကမ္ဘာကိုပြန့်နေတဲ့ဗုဒ္ဓဘာသာ ကတော့
ဟိန္ဒူဝါဒနဲ့ နတ်ကိုးကွယ်မှုဝါဒတွေ အနည်းအကျဉ်း ရောနှောပါဝင်နေတယ် လို့ မှတ်ထားပါ)။
ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment