Sunday, February 12, 2012

ဗုဒ္ဓဘုရားရှင်ဟောခဲ့တယ့်တရားအနှစ်ချုပ်ကဘာလဲ။


ဗုဒ္ဓဘုရားရှင်ရဲ့ တရားအနှစ်ချုပ်ကတော့ စတုသစ္စလို့ ခေါ်တဲ့ အမှန်တရားလေးပါးဘဲ။ သက်ရှိသက်မဲ့ မြင်မြင်သမျှအားလုံးဟာ မမြဲမရှိဘူး။ အစဉ်တစိုက် ပြောင်းလဲနေတဲ့ ပျက်စီးနေတဲ့ အနိစ္စတရားတွေသာ ဖြစ်တယ်။ မပြောင်းလဲမပျက်စီးဘဲ တည်မြဲနေအောင်၊ ကိုယ့်ဆန္ဒအတိုင်း ဖြစ်အောင်လုပ်လို့ မရတဲ့ အစိုးမရတဲ့ အနတ္တတရားတွေသာ ဖြစ်တယ်။ ဒီလို မမြဲမှု အစိုးမရမှုကြောင့် ချစ်တဲ့သူနဲ့ ကွေကွင်းရမှု၊ လိုချင်တာမရမှု၊ မချစ်သောသူနှင့် ပေါင်းဖော်ရမှု မလိုအပ်တဲ့ ဘေးဒုက္ခ အန္တရာယ်တွေနဲ့ အစဉ်မပြတ် တွေ့ကြုံရမှု ဒုက္ခတွေ ဖြစ်တယ်။ ဒါကြောင့် ဘုရားရှင်က မြင်မြင်သမျှ သင်္ခါရ အားလုံးဟာ ဒုက္ခသစ္စာ ဆင်းရဲမှု အမှန်တရား ၁ ပါး ဖြစ်တယ်လို့ ဟောတယ်။ ဆင်းရဲမှုတွေဟာ လိုချင်တပ်မက် စွဲလမ်းမှုဆိုတဲ့ လောဘတရားကြောင့်သာ ဖြစ်တယ်။ ဆင်းရဲကြောင်း လောဘဟာ သမုဒယသစ္စာလို့ခေါ်တဲ့ ဒုတိယအမှန်တရားတခု ဖြစ်တယ်။ အဲဒီ လိုချင်တပ်မက်တဲ့ လောဘ အကြောင်းတရား မရှိရင် ဆင်းရဲမှုဟာလည်းမရှိတော့ဘူး။ အဲဒီ ဆင်းရဲမှုအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ဆိုတဲ့ နိရောဓသစ္စာ တတိယအမှန်တရားဟာလည်း အထင်အရှား ရှိတယ်။ ဒီဒုက္ခအားလုံး ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို ရစေ ရောက်စနိုင်တဲ့ ကျင့်စည် ရှစ်ပါး အမှန်တရား မဂ္ဂသစ္စာ  ဟာလည်းရှိတယ်။ ဆင်းရဲတာကို ရွံမုန်းရင် ဆင်းရဲမှုကိုဖြစ်စေတဲ့ လိုချင်မှု လောဘကိုပယ်ရမယ်။ လိုချင်မှုမရှိတော့ရင် ဆင်းရဲမှုမရှိတဲ့ အေးမြချမ်းသာတဲ့ နိဗ္ဗာန်ကိုရောက်နိုင်တယ်။ အဲဒီ နိဗ္ဗာန်ရောက်အောင် ကျင့်ကြံနည်း မဂ္ဂရှစ်ပါးကိုလည်း ဘုရားရှင်က ပြသဟောကြားခဲ့တယ်။ ဘုရားရှင်ဟောခဲ့သမျှ ပိဋကတ်သုံးပုံ နိကာယ်ငါးရပ်ကို အကျဉ်းချုပ်လိုက်တော့ ဒီအမှန်တရား ၄ပါး ပဲရှိတယ်။ ဒါကြောင့် စတုသစ္စ ဝိနိမုတ္တော ဓမ္မော နာမ နတ္တိ၊ အမှန်တရားလေးပါးကလွတ်တဲ့ တရားရယ်လို့ မရှိဘူးလို့ ဟောတယ်။ ဗုဒ္ဓဘာသာတွေ နေ့စဉ်လုပ်နေတဲ့ ဒါန သီလ၊ ဘာဝနာ ဘာသာရေးကိစ္စမှန်သမျှဟာ ဒီအမှန်တရားလေးပါးကို သိဖို့ဘဲဖြစ်တယ်။

ဤစာစုကို ဆရာ ဦးသောင်းလွင် ရေးသားသော မိရိုးဖလာလွန်ဗုဒ္ဓဘာသာ စာအုပ်မှ ထုတ်နုတ်ရေးသားထားပါသည်။

No comments:

Post a Comment