Wednesday, February 8, 2012

ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူဘာသာ ဘယ်လို ကွဲပြားသလဲ။


ဟိန္ဒူဘာသာအဆိုအရအထက်ကောင်းကင်တစ်နေရာမှာ မအိုမသေဘဲ ထာဝရ အသက်ရှင်နေနိုင်တဲ့ ဗြဟ္မာကြီး တစ်ဦးရှိတယ်။ အဲဒီ ဗြဟ္မာကြီးက ဒီကမ္ဘာလောကကြီးနဲ့ သက်ရှိသက်မဲ့သတ္တဝါတွေကို ဖန်ဆင်း ထားတယ်။ သူ ဖန်ဆင်းထားတာဖြစ်လို့ လောကကြီးတစ်ခုလုံးကို သူအစိုးရတယ်၊ ပိုင်ဆိုင်တယ်၊ဒီသက်ရှိ သတ္တဝါတွေရဲ့ ချမ်းသာမှု၊ဆင်းရဲမှု၊ကောင်းမှု၊ဆိုးမှု တွေအားလုံး ဖန်ဆင်းရှင်နဲ့ သာဆိုင်တယ်။သူဖန်ဆင်းထားတဲ့ သတ္တဝါတွေရဲ့ ကိုယ်ခန္ဓာထဲမှာ ဆိုးလ်၊အတ္တ၊ဝိညာဉ်လို့ ခေါ်တဲ့ အသက်ရှိတယ်။အဲဒီအတ္တ ဝိညာဉ်ဟာလည်း ထာဝရတည်မြဲတယ်၊ရုပ်ဝတ္ထုခန္ဓာကိုယ်ကြီးဟာ အိုမင်း သွားတဲ့အခါ ဝိညာဉ်ကလေးက အဲဒီကိုယ်ခန္ဓာကြီးထဲကထွက်ပြီး အခြားနုပျိုတဲ့ ခန္ဓာကိုယ်ထဲမှာ တဖန်သွားဖြစ်တယ်။ အဲဒီ နာမ်ဝိညာဉ် ကလေးဟာ မူလ ဖန်ဆင်းရှင်ဖြစ်တဲ့ ဗြဟ္မာကြီးနဲ့ ပြန်ပေါင်းမိနိုင်ဖို့ အတွက်
ဖန်ဆင်းရှင် ဗြဟ္မြာုကီးကို မျှော်မှန်းပြီး ပူဇော် ပသမှု၊ဝတ်ပြုကိုးကွယ်မှု အမျိုးမျိုးတွေ ပြုလုပ်ရတယ်။ အင်မတန် ပင်ပန်းပြင်းထန်တဲ့ အကျင့်တွေကို လည်းကျင့်ကြံ့ အားထုတ်ကြရတယ်။ဖန်ဆင်းရှင် ဗြဟ္မာကြီးရော ဖန်ဆင်းခံ သတ္တဝါတွေရဲ့ဝိညာဉ်တွေပါ အစဉ်မြဲတယ်လို့ ယူဆတဲ့အတွက် ထာဝရဝါဒ အတ္တဝါဒလို့ခေါ်တယ်။
ဗုဒ္ဓဘာသာမှာတော့ ဂေါတမဗုဒ္ဓဟာ ဖန်ဆင်းရှင်လည်းမဟုတ်ဘူး၊ သတ္တဝါတွေကို ဖန်ဆင်းနိုင်တဲ့ တန်ခိုးဣဒ္ဓိပါဒ်လည်း မရှိဘူး၊ သတ္တဝါတွေကို ချမ်းသာအောင် ဆင်းရဲအောင်လည်း မလုပ်နိုင်ဘူး၊ပုဂ္ဂိုလ်သတ္တဝါ တဦးတယောက်ရဲ့ ကောင်းမှု ဆိုးမှုဟာ ဘုရားသခင်နဲ့ ဘယ်လိုမှ မပတ်သက်ဘူး။အကောင်းနဲ့အဆိုး၊ချမ်းသာနဲ့ဆင်းရဲဟာ တရားတော်အတိုင်း သာဖြစ်ရတယ်။ကောင်းတဲ့တရား၊ချမ်းသာစေတတ်တဲ့ တရားတွေကို ကြံစည် ပြောဆိုလုပ်ကိုင်တဲ့ လူတွေဟာ လူကောင်းလူချမ်းသာဖြစ်ပြီး မကောင်းတဲ့ ဆင်းရဲစေတတ်တဲ့ တရားတွေကို ကြံစည်ပြောဆိုလုပ်ကိုင်တဲ့လူတွေဟာ လူဆိုး လူဆင်းရဲတွေဖြစ်မယ်။သတ္တဝါတိုင်းဟာမိမိရဲ့ဘဝကို ချမ်းသာအောင်၊ ဆင်းရဲအောင်၊ကောင်းအောင်၊ဆိုးအောင် ဖန်တီးနေတဲ့ ဗိသုကာတွေ ဖြစ်တယ်။တဦးတယောက်ရဲ့ အကောင်းနဲ့အဆိုး၊ချမ်းသာနဲ့ဆင်းရဲကို ဘုရားရှင်လည်းမတတ်နိုင်ဘူး၊တခြားပုဂ္ဂိုလ် တစုံတယောက်ကလည်း မတတ်နိုင်ဘူး။ဘယ်သူမပြု မိမိမှု ဆိုတဲ့ အယူအဆဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံပင်ရင်းအယူအဆဖြစ်တယ်။သက်ရှိသတ္တဝါတွေရဲ့အသက်ဝိညာဉ် ရော ရုပ်ခန္ဓာကိုယ်တွေပါ ဘယ်ဟာမှ တည်မြဲတာမရှိဘူး၊ သက်ရှိသက်မဲ့ မြင်မြင်သမျှအားလုံးဟာ ပျက်စီးကုန်ရမယ်။ဒါကြောင့် ဗုဒ္ဓကသူ့ရဲ့ အယူဝါဒ ကိုအနှစ်မဲ့ဝါဒ အနတ္တဝါဒလို့ ထုတ်ဖော်ကြေငြာတယ်။အားလုံးတည်မြဲပါ တယ်၊အနှစ်သာရရှိပါတယ်လို့ ယုံကြည်နေချိန်မှာ ဗုဒ္ဓက မတည်မြဲဘူး အနှစ်သာရ မရှိဘူးလို့ ကြေငြာလိုက်တာဟာ အင်မတန်ကြီးမားတဲ့ မဟာ တော်လှန်ရေးကြီးဖြစ်တယ်။

No comments:

Post a Comment